မုံရွာ ၊ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ အထက်တန်းပြ ဘာသာရပ်သင် ဆရာ/ဆရာမများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဆွေးနွေးပွဲတက်ရောက်လာကြသည့် ဘာသာရပ်သင် ဆရာ/ဆရာမများအနေဖြင့် မိမိတို့ကျောင်းရှိ တက္ကသိုလ်ဝင် ကျောင်း သား/ကျောင်းသူများအား သက်ဆိုင်ရာဘာသာရပ်အလိုက် အနီးကပ်ကြီးကြပ်၍ လမ်းညွှန်မှုပြုလုပ်ကာ အောင်ချက်များကောင်းမွန်ရေး သင်ကြားပို့ချပေးသွားရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူတစ်ဦးချင်းစီ၏ အားနည်းသောဘာသာရပ်များအား ဆရာ/ဆရာမများမှ လိုအပ် ချက်များကိုဖြည့်ဆည်းသင်ကြားပေးရမည် ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီးများမှ အနီးကပ်ကြီး ကြပ်၍ ဘာသာရပ်အလိုက် Guardian ဆရာ/ဆရာမများသတ်မှတ်ပြီး အဖွဲ့စနစ်ဖွဲ့စည်းကာ ကျောင်းသား၊ကျောင်းသူများ၏လိုအပ်ချက်၊အားနည်းချက်များအား ကုစားသင်ကြားပေးသွားရ မည်ဖြစ်ပါကြောင်း၊ မုံရွာတက္ကသိုလ် ဆရာ/ဆရာမများက ဆွေးနွေးပို့ချပေးမည့် သင်ခန်းစာများအား ဘာသာရပ်သင် ဆရာ/ဆရာမများအနေဖြင့် သေချာစွာမှတ်သားလေ့လာပြီး မိမိတို့ကျောင်းသို့ ရောက်ရှိသည့်အခါ ပြန်လည်ပို့ချသင်ကြားရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအတွက် သင်ခန်းစာများလေ့လာကျက်မှတ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ပေါက်မြောက်စွာဖြေ ဆိုနိုင်ရန် ရည်ရွယ်၍ တက္ကသိုလ်အသီးသီးမှ ပါမောက္ခ/ဌာနမှူးများမှ သက်ဆိုင်ရာဘာသာရပ် အလိုက် လေ့လာနိုင်ရန်သင်ခန်းစာများအား မြန်မာ့အလင်း၊ကြေးမုံ သတင်းစာများတွင် ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှစတင်၍ ရေးသားပို့ချပေးထားသည့် သင်ခန်းစာများကိုလည်း သင်ကြားပေးသွားကြရန် လိုအပ်ပါကြောင်း၊ ပါမောက္ခကြီး များနှင့် ဘာသာရပ်သင် ဆရာ/ဆရာမများအနေဖြင့် အချိုးညီညီပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ယခင်နှစ်များထက် အောင်ချက်ရာခိုင်နှုန်း ပိုမိုတိုးတက်မြင့်မားပြီး နိုင်ငံတော်မှအားထားရ သည့် လူစွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ကျော်သင်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ပတ်သက်၍ ဘာသာရပ်အလိုက်ပို့ချမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ်ရှိ ရူပဗေဒဌာနစာသင်ဆောင်နှင့် မြန်မာစာဌာန စာသင်ဆောင်တို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးပို့ချနေမှုများ အားသွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး
ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကုတင် ၂၀၀ ဆံ့၊ သားဖွားမီးယပ်နှင့်ကလေးဆေးရုံကြီးအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ခြင်များပေါက်ဖွားနိုင်သည့် ရေနုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေ ရေးတို့အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ဆေးရုံဝန်ထမ်းများ စုပေါင်း၍စုပေါင်းသန့် ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၅ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၇၀၀ ကျော်ဖြင့် ပြည်သူ့ဆေးရုံများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။








