မုံရွာ ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၂/၂၀၂၄) အစည်း အဝေးကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယ ဥက္ကဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ စစ်ကိုင်းတိုင်းဒေသကြီးသည် ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်း ဒုတိယအကျယ်ဝန်းဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး သွားလာလည်ပတ်စရာ ရေ၊ မြေ၊ တော တောင်၊ သဘာဝအလှအပများ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် စိတ်ဝင်စားစရာ ခရီးစဉ် ဒေသအများအပြားရှိပါကြောင်း၊ ယင်းသဘာဝအရင်းအမြစ်များအား ဝိုင်းဝန်းထိန်းသိမ်းစောင့် ရှောက်ကာ ဖော်ထုတ်ကြော်ငြာသည့်လုပ်ငန်းများ လုပ်နိုင်မည်ဆိုပါက ခရီးသွားလုပ်ငန်းဆိုင်ရာ ဆက်စပ်လုပ်ငန်းများဖြစ်သည့် ဟိုတယ်/တည်းခိုရိပ်သာ၊ သယ်ယူပို့ဆောင် ရေးလုပ်ငန်းများနှင့် ဒေသထွက်ကုန်အရောင်းဆိုင်များအပါအဝင် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဝင်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ပြည်တွင်း၊ပြည်ပခရီးသွားများ အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် မုံရွာလေဆိပ်အဝင်အထွက် ဝန်ဆောင်မှုကောင်းမွန်ရေးအတွက် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်အား နမူနာယူပြီး လိုအပ်သည်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းစီစဉ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ အမှတ်တရ (Souvenir) ပစ္စည်းများအား လေဆိပ်တွင် တစ်နေရာတည်း စုံစုံလင်လင်ပြသရောင်းချနိုင်ရေးနှင့် လေယာဉ်စီးခရီးသည်များနှင့် ကြိုပို့သူများမှမြင်လိုက်သည်နှင့် ဝင်ထွက်လေ့လာ ဝယ်ယူချင်စရာကောင်းသည့် Coffee Shop အား သပ်ရပ်လှပတင့်တယ်သည့် ဒီဇိုင်း Decoration များနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဟိုတယ်၊တည်းခိုရိပ်သာများ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိမှသာ ရေရှည်တည်တံ့ခိုင်မြဲသည့် ခရီးသွားလုပ်ငန်းအဖြစ်အောင်မြင်လာမှာ ဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဝင် များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ၊ ခရီးသွားနှင့်ဆက်စပ်သည့် ဌာနဆိုင် ရာများအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်းတိုက်တွန်း ပြောကြားခဲ့သည်။
ယင်းနောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေး မှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန် က ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄) ကြိမ်မြောက်အစည်း အဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေ များအား Power Point ဖြင့် ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက် မှု၊ ခရီးသွားဒေသများပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းပန်း ဆက်သွယ်ရေး၊ လုံခြုံရေးအခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြ ကြသည်။
ထို့နောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် က အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။




