မုံရွာ၊ ဧပြီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ “ဗန္ဓုလဈေး” ဈေးရုံသစ်များ ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ ဈေးသစ်မုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် ဈေးရောင်းချသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး မြို့တော်ဖြစ်သည်နှင့်အညီ မုံရွာမြို့အားစည်းကမ်းတကျ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် မြို့တစ် မြို့ဖြစ်စေရန်အတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ယူစဉ်ကာလအတွင်း မြို့သစ်ရပ်ကွက်၊ အိုးဘိုတောင်ရပ်ကွက်၊ နိုင်ငံ့ဝန်ထမ်းများနေ ထိုင်ရာအခန်းပေါင်း(၁၄၆)ခန်းရှိသည့် အိုး အိမ်အိမ်ယာနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးလွှတ်တော်အိမ်ယာတို့တွင်ရှိသည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ နေ့စဉ်ဝယ်ယူအသုံးပြုနေရသည့် အရေးပါသော ဈေးတစ်ဈေးဖြစ်တာကို တွေ့ရှိရပါကြောင်း၊ ဗန္ဓုလဈေးအား ပိုမိုခေတ်မီကောင်းမွန်သည့် အဆင့်မြင့်သည့် ဆိုင်ခန်းများ စနစ်တကျဖြစ်ပေါ်လာစေရန်၊ ဟင်းသီးဟင်းရွက်၊အသားငါးနှင့် သုံးကုန်ပစ္စည်းများအား တစ်နေ ရာတည်းတွင် ဝယ်ယူရောင်းချနိုင်စေရန် ရည်ရွယ်ပြီး မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဗန္ဓုလ ဈေးဆိုင်ခန်းများအား ခေတ်နှင့်လျော်ညီသည့် အဆင့်မြင့်ဆိုင်ခန်းများဖြစ်စေရန်ကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွား မှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထုအတွက် လိုအပ် သည့်လုပ်ငန်းများအား အဓိကထားဆောင်ရွက်ပေးနေတာ ဖြစ်သည့် အတွက် ပြည်သူများအနေဖြင့်လည်း ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဌာနဆိုင်ရာများမှချမှတ်ထား သည့် စည်းမျဉ်းစည်းကမ်းဥပဒေများအား လေးစားလိုက်နာပြီး မုံရွာမြို့ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် မုံရွာမြို့နယ်၊ စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွန်ကြား ရေးမှူး ဦးထွန်းထွန်းက “ဗန္ဓုလဈေး” ဈေးရုံသစ်များ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့် နှင့် မုံရွာခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့က “ဗန္ဓုလဈေး” ဈေးရုံသစ်များအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်တို့မှ ဘင်ခရာ၊ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြပြီး တာဝန်ရှိသူများနှင့်အတူ အဆိုပါဈေးသစ်ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဈေးသစ်အတွင်း ဈေး ရောင်း၊ဈေးဝယ်များ စနစ်တကျရောင်းချနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဈေးရောင်းချ သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။
အဆိုပါ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေးသစ်သည် အလျား – ၆၀ ပေ၊ အနံ – ၄၀ ပေ၊ ဈေးရုံ ၄ ရုံနှင့် အလျား – ၄၀ ပေ၊ အနံ -၂၄ ပေရှိ စားသောက်ရုံ သစ် ၁ ရုံအား မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။









