မုံရွာ၊ ဇူလိုင် ၂၁
မုံရွာမြို့ပေါ်ရှိကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူကြသည့် ဆရာတော်၊သံဃာတော် များဝါတွင်းကာလအတွင်း စိတ်နှလုံးချမ်းမြေ့စွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွား များနိုင်စေရန်နှင့် ဆွမ်းအခက်အခဲမရှိစေရေးတို့အတွက် ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ မုံရွာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ မြို့မရွှေဂူကျောင်းကြီးသို့ ရောက်ရှိရာ ဘဒ္ဒန္တပဏ္ဍိတ ဆရာတော်ကြီးနှင့် ပင့်သဃာဆရာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာ ရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ယင်းနောက် မြို့မရွှေဂူကျောင်းတိုက်ရှိ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြန်လည်ပြုပြင်တည်ဆောက်ပေးမည့် အဆိုပါကျောင်းတိုက်ကြီးအတွင်းရှိ နှစ်ပေါင်း ၇၄ နှစ်ရှိ စန္ဒရံသီဘုန်းကြီးကျောင်း နံကပ် ၂ ထပ် ကျောင်းဆောင်အဆောက်အဦ ယိုယွန်းပျက်စီးနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဆက်လက်၍ ကျောင်းတိုက်ကြီးအတွင်းရှိ ပျက်စီးနေသည့် ကျောင်းအတွင်းပတ်လမ်း အရှည် ၂၂၂၀ ပေ၊ အကျယ် ၁၁ ပေ၊ ကတ္တရာလမ်းထပ်ပိုးလွှာ ခင်းကျင်းမည့်နေရာများအား လိုက်လံကြည့်ရှုစစ် ဆေးကာ ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အခြေအနေများအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိဂြောဓာရုံကျောင်း တိုက်ကြီးရှိ ဝိဇ္ဇာမဂ္ဂဒိပနီဗိမာန်တော်ကြီး၌ မဏိရတနာပုံကျောင်းတိုက်ကြီးနှင့် နိဂြောဓာရုံ ကျောင်းတိုက်ကြီးများရှိ ဆရာတော်၊သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းအခက်အခဲမရှိ စေရေးတို့အတွက် လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးတို့အား ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရား သူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးတို့အား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
အဆိုပါ ကျောင်းတိုက်ကြီး ၃ တိုက်ရှိ ဆရာတော်၊သံဃာတော် ၃၀၂ ပါးအား စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်တော် – ၄၉ အိတ်၊ ဆီ – ၉၀ ပိဿ၊ ဆား – ၃၇ ပိဿ၊ ပဲ – ၉၀ ပိဿနှင့် ကြာဇံ – ၃၇ ပိဿအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။





