မုံရွာ၊ စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ လယ်တီရပ်ကွက်၊ အရှေ့လယ်တီကျောင်းတိုက် ကြီးရှိ ဆရာတော်၊သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းအခက်အခဲမရှိစေရေးတို့ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသူ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့် လှစ်ကြပြီး မုံရွာမြို့၊ အရှေ့လယ်တီကျောင်းတိုက် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံ ယူဆောက်တည်ကြသည်။
ဆက်လက်ပြီး ဆရာတော်အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူ သော မေတ္တာသုတ်ပရိတ်တရားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ် များက နာယူကြည်ညိုကြသည်။
ထို့နောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ ဇဗ္မူ့ရောင်ခြည်ကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဝံသ သက်တော် ၈၆ နှစ်၊ သိက္ခာတော် ၆၆ ဝါ အန္တိမ အဂ္ဂစျာပနပူဇာသို့ သွားရောက်ဖူးမျှော်ကြည်ညိုပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အတူ အလှူငွေများဆက်ကပ်လှူဒါန်းပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





