မုံရွာ၊ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၅ ပညာသင် နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက Finess Dance အဖွဲ့နှင့် ဘင်ခရာ/ပန်းပွားအဖွဲ့များမှ တီးမှုတ်ကပြဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦး၊ မုံရွာခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းဝင်းနှင့် လူရည်ချွန် ၂ ထပ်ကွမ်း မောင်ဟိန်းသူဝင်းတို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသည့် ဘင်ခရာ/ပန်းပွားအဖွဲ့နှင့် Finess Dance အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီး မြှင့်ခဲ့ကြပြီး အဆိုပါမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့ပေါ်ရှိ အခြေ ခံပညာကျောင်းများမှ ကျောင်းသား/သူများ၏ ကရာတေး/မြန်မာ့သိုင်း သရုပ်ပြသမှုများအားကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၂)အခြေခံ ပညာကျောင်းအတွင်းရှိ စာသင်ခန်းများတွင် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ သီးပင်၊စားပင်၊အရိပ်ရပင်နှင့်ပန်းအလှပင်ပြခန်း၊ သင်ထောက်ကူ ပြခန်း၊ သိပ္ပံလက်တွေ့ပြခန်း၊ ပန်းချီ/ထုံးဓလေ့/အိမ်တွင်းမှုပြခန်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းပြခန်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းဝန်းအတွင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင် နှစ်၊ ပညာရေးစုံညီပွဲတော် ဒုတိယပိုင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာ အထက် တန်း ကျောင်းမှ ကျောင်းသား/ ကျောင်းသူများမှ “ ကြိုဆိုပါသည်စုံညီပွဲတော် “ တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ကျင်းပပြုလုပ် သည့်ပညာရေးစုံညီပွဲတော်တွင် တိုင်းဒေသကြီးအဆင့် ထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့် ပေးခြင်းဖြင့် ပို၍ထူးချွန်သည့်ကျောင်းသား/သူလေးများ ပေါ်ထွက်လာရေးအား များစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည့်အပြင် ပညာရေးမဟာဗျူဟာစီမံကိန်း၏ အခြေခံ ပညာကဏ္ဍမျှော်မှန်းချက်များ အောင်မြင်ရေးအတွက် အထောက်အကူပြုစေမည် ဖြစ်ပါ ကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြား၊ သင်ယူမှုလုပ် ငန်းစဉ်များသည် အရေးကြီးအခန်းကဏ္ဍတွင် ပါဝင်လျှက်ရှိပါကြောင်း၊ အရည် အချင်းရှိသည့်ပညာတတ်နိုင်ငံသားများ အများအပြားရှိသည့်နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှု အားကောင်းသည့်နိုင်ငံများအဖြစ် ရပ်တည်နေကြသည်ကို မျက်မြင်တွေ့မြင်နိုင်ပါ ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် မိမိ၏တပည့်များအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလစသည့် ဗလ(၅)တန်နှင့်ပြည့်စုံသည့် လူရည်မွန်လေး များဖြစ်အောင် ကျောင်းသင်ခန်းစာများအား သင်ကြားပေးရင်း လေ့ကျင့်ပျိုးထောင်ပေး သွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့်လည်း နိုင်ငံတည်ငြိမ်အေး ချမ်းရေး၊ တိုးတက်ဖွံ့ဖြိုးရေးနှင့် စားရေရိက္ခာပြည့်ဝပြီး အေးချမ်းစွာဖြင့်နေထိုင်နိုင်သည့် ဂုဏ်ယူဖွယ်ကောင်းသည့် နိုင်ငံတော်ကြီးအဖြစ် ဝိုင်းဝန်းတည်ဆောက်ကာ အနာဂတ်တွင် ဆက်လက်တာဝန်ယူကြမည့် ယနေ့ကျောင်းသား/သူများအတွက် ကောင်းမွန်သည့်အမွေ အနှစ်များ လက်ဆင့်ကမ်းနိုင်အောင် ဆထက်တိုးကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က Clean and Green School ဆုရ ကျောင်းများမှ ကျောင်းအုပ်ကြီးများထံ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များ အားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့ဆရာများ နေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ဒုတိယဆုရရှိသူနှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)၏ Online မှတစ်ဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် နိုင်ငံတော်အဆင့် (ဒုတိယ)ဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးတို့က ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီးအဆင့် အင်္ဂလိပ်၊ သင်္ချာ၊ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊ အတီးပြိုင်ပွဲများတွင် ဆုရရှိကြသူ များ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့်ပြခန်းပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့် ငွေနှင့်ဂုဏ်ပြုဆုလက်မှတ်များအား အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ အခမ်းအနားသို့ တက်ရောက်လာသူများက မုံရွာမြို့ပေါ်ရှိအခြေခံပညာ ကျောင်းများနှင့်ကိုယ်ပိုင် ကျောင်းများမှ ကျောင်းသား/သူများက တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သီဆိုက ပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။








