မုံရွာ မေ ၅
၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကို မေလ ၅ ရက်နေ့ နံနက် ၈ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်း အတွင်းရှိ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ် တော် တရားသူကြီး ချုပ် ဦဇော်ထူး ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး ၊
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊တိုင်းဒေသကြီး ခရိုင် မြို့နယ် မီးသတ်ဦးစီးဌာနမှ အရာထမ်းအမှုထမ်းများ နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက မန္တလေးငလျင်ကြီးကြောင့် သေဆုံးခဲ့ကြသော ရဟန်းရှင်လူ ပြည်သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် (၁)မိနစ်ခန့် မတ်တပ်ရပ်၍ ငြိမ်သက်ခဲ့ကြပြီး နောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်က ပေးပို့သော မီးသတ်တပ်ဖွဲ့နေ့မိန့်ခွန်းအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်စာမေးပွဲ တွင် ပထမ ဆုရရှိကြသူများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးကလည်းကောင်း ၊ ဒုတိယဆုရရှိကြသူများအား စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ် တော် ၊ တရားသူကြီး ချုပ် ဦဇော်ထူးကလည်းကောင်း၊ တတိယဆု ရရှိကြသူများအား စစ်ကိုင်းတိုင်းဒေငကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဦးက လည်း ကောင်း ဆုများအသီးသီး ပေး အပ် ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက (၇၉)နှစ် မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုအားပေးခဲ့ကြပြီး နောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနက ပြသထားသည့် မီးသတ်ဦးစီးဌာန လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန အနေဖြင့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ၊မုံရွာ ခရိုင် နှင့် မြို့နယ် မီးသတ်ဦးစီးဌာန မှ ဝန်ထမ်းများ နှင့် ဝန်ထမ်းမိသားစု ဝင်များ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးနှင့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို လည်း မေလ ၃ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။









