မုံရွာ၊ ဇွန် ၉
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ) ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်း သား/သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အားကစားနှင့်ကာယပညာ သိပ္ပံ(မုံရွာ)မှ သင်တန်း သား/သင်တန်းသူများ၏ အားကစားအရည်အချင်းတိုးတက်မှုသည် မိမိတို့တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်း တိုးတက်မြှင့်မားရေးအား အထောက်အကူပြုစေနိုင်သည့်အပြင် လူငယ်မောင်မယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့်ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့် အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့နေဖြင့် ဆက်လက်၍လိုအပ်သည်များ ပံ့ပိုးကူညီကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပညာသင်ကြားမှုကဏ္ဍအား တာဝန်ယူဆောင် ရွက်သွားကြမည့် ဆရာ/ဆရာမများအနေဖြင့်လည်း မိမိတို့ကျောင်းသား/ကျောင်းသူများ၏ ပညာရည်မြင့်မားရေးကိုသာမက ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုပါစေတနာထားပြီး အစွမ်းကုန်သင်ကြားပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် ငွေကျပ်- ၃၀ သိန်းအားတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက လည်းကောင်း၊ အလှူရှင် ၄ ဦးက ငွေကျပ် – ၆၁ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ သင်တန်း သား/သင်တန်းသူများအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများအား ကျောင်းအုပ်ကြီးထံ ပေး အပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) မှ ကျောင်းသား/ကျောင်းသူ များက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်းခင်း ကျင်းပြသထားသည့် အားကစားအထောက်အကူပြု လေ့ကျင့်ရေးပစ္စည်းများ၊ အားကစား လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။



