မုံရွာ၊ ဇွန် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာသင်တန်း အမှတ်စဉ်(၂/၂၀၂၅) နှင့်(၃/၂၀၂၅)၊ အခြေခံတရုတ်စကားပြောသင်တန်း၊ အခြေခံဂျပန်စကားပြောသင်တန်းများ ဆင်းပွဲအခမ်းအနား ကိုဇွန်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း Video Clip အား ကြည့်ရှု အားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသား၊သင်တန်းသူ များဖြစ်ကြသည့် လူငယ်မောင်မယ်များအနေဖြင့် ဘဝတွင် အသိပညာ၊ အတက်ပညာနှစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရန် စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ အသိပညာ၊ အတတ်ပညာများ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်မှသာ ဘဝအောင်မြင်မှု ပန်းတိုင်အား ဆွတ်ခူးနိုင်မည်ဖြစ်သည့်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဆက်စပ်ဌာနများနှင့်ပူးပေါင်းကာ ဒေသခံပြည်သူများ အနာဂတ်ခေါင်းဆောင်များဖြစ် လာကြမည့် လူငယ်မောင်မယ် များအတွက် အကျိူးဖြစ်ထွန်းစေမည့် သင်တန်းများ၊ နည်းပညာ များ၊လှုပ်ရှားဆောင်ရွက်မှုများအား ဆန်းသစ်တီထွင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဦးဆန်းဝင်းက သင်တန်းများဖွင့်လှစ်ခဲ့မှုများနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားပြီး အခြေခံဂျပန်စကားပြောသင်တန်းမှ သင်တန်းသား/သင်တန်းသူများက “ဂျပန်ဗျည်းအက္ခရာ Hiragana ” Soung ဖြင့် လည်းကောင်း၊ အခြေခံတရုတ်စကားပြောသင်တန်း သင်တန်းသား/ သင်တန်းသူများက “အတူတူကြိုးစားကြမယ်” Group Soung ဖြင့် လည်းကောင်း သရုပ်ပြဖျော် ဖြေကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကွန်ပျူတာသင်တန်း နည်းပြဆရာမထံ ဂုဏ် ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက အခြေခံတရုတ်စကားပြော သင်တန်းနည်း ပြဆရာမထံ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က အခြေခံဂျပန်စကားပြောသင်တန်း နည်းပြဆရာမထံ ဂုဏ်ပြုချီးမြှင့်ငွေ နှင့်ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ် ၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများက ကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၅)နှင့်(၃/၂၀၂၅)၊ အခြေခံတရုတ် စကားပြောသင်တန်း၊ အခြေခံဂျပန်စကားပြောသင်တန်း သင်တန်းသား/သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များနှင့် သရုပ်ပြဖျော်ဖြေသွားခဲ့ကြသည့် သင်တန်းသား/သင်တန်းသူ များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သင်တန်း သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။










