မုံရွာ၊ ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ကလေးတပ်နယ်မှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၉ ရက်၊ နံနက်ပိုင်းတွင် ကလေးမြို့၊ ကုတင် ၃၀၀ဆံ့၊ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ ဥပုသ်ချောင်းဝဲ/ယာအတွင်းရှိ ရေစီးရေလာကောင်းစေရန်အတွက် သစ်ပင် ခြုံနွယ်များ၊ ပေါင်းမြက်များ၊ ပလပ်စတစ်အမှိုက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ဆေးရုံဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူ များ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင် ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့ရပ်ကွက်နေပြည်သူ များအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၀၀၀ ဦး ကျော်ဖြင့် ပြည်သူ့ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ ကုတင် ၃၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးရှိအစည်းအဝေးခန်းမတွင် ခေတ္တ ဆေးရုံအုပ်ကြီး၊ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ကလေးမြို့၊ ကုတင် ၃၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီး၊ ခေတ္တဆေးရုံအုပ်ကြီးက ပြည်သူများအား ကုသရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဆရာဝန်ကြီးများနှင့် သူနာပြုများက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ် သက်၍ လိုအပ်သည်များ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးကာ ခေတ္တဆေးရုံအုပ်ကြီးထံ ဆေးရုံဝန်ထမ်းများအတွက် ငွေကျပ် (၁၀) သိန်းအား ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဆေးရုံကြီးရှိ ခွဲစိတ်ခန်း၊ ဓါတ်ခွဲခန်းနှင့် သွေးလှူဘဏ်တို့အတွက် တပ်ဆင်ပြီးစီးခဲ့သည့် ဆိုလာခန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ပေးခဲ့သည့် ရေကန်တို့ အားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေး ညှိနှိုင်းအစည်း အဝေးသို့တက်ရောက်ရာ ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့များအား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့မိမြို့ဖများ၊ ဌာနဆိုင် ရာများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ကလေးမြို့အား ခေတ်နှင့်အညီ သာယာလှပပြီးသန့်ရှင်းသပ်ရပ်သည့် မြို့တစ်မြို့ဖြစ်လာစေရေးအတွက် ဌာနများအချင်းချင်း ပူးပေါင်းကာ အလေး ထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့နေပြည်သူများအနေဖြင့်လည်း နေ့စဉ်အသုံးပြုနေသည့် မီးဖိုချောင်သုံးအမှိုက်များနှင့် ပလပ်စတစ်အမှိုက်များအား စနစ်တကျစွန့်ပစ်သွားရေးတို့အား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကလေးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိက ကလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအားလည်း ကောင်း၊ ကလေးခရိုင် လမ်းဦးစီးဌာနမှ ခေတ္တဦးစီးမှူးက ကလေးခရိုင်အတွင်းလမ်းများအား ဘဏ္ဍာနှစ်အလိုက် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ရေအရင်းအမြစ်နှင့်မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကလေးမြို့၊ ဥပုသ်ချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်း ကောင်း၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီ ဥက္ကဌများက ကလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင် ပြကြပြီး ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက ကလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ နှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင် ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့ရှိ တာဟန်းဈေးနှင့် မြို့မဈေးများသို့ သွားရောက်၍ ဈေးဆိုင်ခန်းများ စနစ်တကျရောင်းချရေး၊ ဈေးများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အတွက် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးရောင်းဈေးဝယ် လာရောက်ကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။




