မုံရွာ၊ စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကျင်းပပြုလုပ်သည့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ တောင်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အကြောင်း ရှင်းလင်းပြ သခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြသပွဲကို စက်တင်ဘာလ ၁ ရက်၊ နံနက် ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနရုံးရှိ မြတ်သလ္လာခန်းမတွင် ကျင်းပပြုလုပ်ရာ သရုပ်ပြသပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့်တာဝန်ရှိသူများ၊မုံရွာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိ ဦးကိုကိုဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အကြောင်းအား Power Point ဖြင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာ ၁၆ ရွာမှ ဒေသခံတောင်သူ ၃၁၅ ဦးမှ မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်း သပ်မဲပေးနေမှုများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်သည့်၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက်သွင်းအားစု(ယူရီးယားမြေဩဇာ၊ လယ်ယာသုံးစက်မောင်းဆီ)များ ပေး အပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည်စိုက်ပျိုးရေးအား အဓိက အားပြုလုပ်ကိုင်ဆောင်ရွက်နေသည့်တိုင်းဒေသကြီး တစ်ခုဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးလျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံ အပါ အဝင် သီးနှံမျိုးစုံ စိုက်ဧကလျာထားချက်ပြည့်မီရေး နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင် ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက် ပျိုးစွမ်းအား မြှင့်တင်နိုင်ရေး အတွက်ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေဧရိယာ အသုံးချမှုတိုးတက်ရေး၊ တစ်ဧကထုတ် လုပ်မှုစွမ်းအားတိုးတက်ရေးနှင့် တောင်သူများဝင်ငွေတိုးတက်ရရှိရေးအတွက် ရည်မှန်းဆောင်ရွက်သွားကြရန်နှင့် စိုက်ပျိုးနေသည့်သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအားတိုးတက်ရေး၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စေရေးတို့အတွက် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများမှ အလေးထားကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးကြီး ကြပ်မှုကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်မိမိတို့ဌာနများအလိုက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက တိုင်းဒေသ ကြီးအတွင်း ၂၀၂၅ -၂၀၂၆ ခုနှစ်၊ မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လုပ်ငန်း များဆောင်ရွက်နေမှု အခြေ အနေများအပေါ်ဖြည့်စွက်ဆွေးနွေးပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မုံရွာမြို့ နယ်အတွင်းရှိကျေးရွာ ၁၆ ရွာမှ ဒေသခံတောင်သူ ၃၁၅ ဦးအတွက် သွင်းအားစု(ယူရီယား မြေသြဇာများနှင့်လယ်ယာသုံးစက်မောင်းဆီ)များအား ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခမ်း အနားသို့ တက်ရောက်လာသူများ၏ဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ ဝန်ထမ်းများသက်သာချောင်ချီရေးအတွက် စားဖို ဆောင်သီးနှံစိုက်ခင်းများ စိုက်ပျိုးထားရှိမှုအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည့် သဲဖြူဆရာတော်ကြီးအား အမှူးထား၍ အလှူရှင်များ၏ လှူဒါန်းမှု၊ ကျန်းမာရေးဝန်ကြီးဌာနနင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ဦးဆောင်ပါဝင်ပံ့ပိုးမှုတို့ဖြင့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအား စတုတ္ထနေ့အဖြစ် အခမဲ့မျက် စိစမ်းသပ်ခွဲစိတ်ပေးနေမှုများအားသွားရောက်ကြည်ရှုအားပေးကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက လာရောက်ပြသကြသည့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများ အားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး မျက်စိအထူးကု ဆရာဝန်ကြီးများမှ မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး မျက်စိခွဲ စိတ်ပြီးလူနာများအား နေကာမျက်မှန်များတပ်ဆင်ပေးကာ သောက်ဆေးများအား လိုက်လံပေးအပ်ခဲ့ပြီး မျက်စိဝေဒနာရှင်များနှင့် လူနာစောင့်များအား နေ့ခင်းစာ ထမင်း၊ဟင်းနှင့် သောက်ရေသန့်ဘူးများအား လိုက်လံပေးအပ်ခဲ့ကြသည်။
အဆိုပါ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့မျက်စီစမ်းသပ်ခွဲစိတ်ပေးခြင်းအား ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိ မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူဆေးရုံကြီးတွင် စမ်း သပ်ခွဲစိတ်ပေးသွားမည်ဖြစ်ပြီး မျက်စိဝေဒနာရှင် လူနာပေါင်း ၅၁၀၀ ကျော် စာရင်းပေး သွင်းခဲ့ရာ ယနေ့တွင် စမ်းသပ်ပြင်ပလူနာ – ၇၃၆ ဦး၊ အကြီးစားခွဲစိတ်လူနာ – ၅၀ ဦး၊ အသေးစားခွဲစိတ်လူနာ – ၁၃ ဦးအား စမ်းသပ်ခွဲစိတ်ပေးခဲ့ပြီး ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ စမ်းသပ်ပြင်ပလူနာ – ၂၇၂၈ ဦး၊ အကြီးစားခွဲစိတ်လူနာ – ၂၀၁ ဦး၊ အသေးစားခွဲစိတ်လူနာ – ၄၆ ဦးတို့အား စမ်းသပ်ခွဲစိတ်ပေးခဲ့ကြောင်း သိရသည်။







