မုံရွာ၊ အောက်တိုဘာ ၈
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP)အမှတ်စဉ်(၂) မောင်မယ်သစ်လွင်ကြိုဆို ပွဲအခမ်းအနားကို အောက်တိုဘာလ ၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ်ရှိ ပဌ္စဗလ ဘက်စုံခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာ မများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပညာရေးကဏ္ဍဖွံ့ ဖြိုးရေးသည် အခြေခံအုတ် မြစ် ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ် လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကား လာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်အား အကောင်အထည်ဖော် ဆောက်ရွက်လျှက်ရှိပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ဆရာ/ဆရာမတို့၏ လုပ်ငန်းတာဝန်သည် အလွန်ပင်အရေးကြီးသည့် အတွက် ခံယူချက်၊ ယုံကြည်ချက်ပြည့်ဝစွာဖြင့် သင်ကြားသင်ယူပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အားကြိုးမာန်တက်အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာပညာရေးဒီဂရီကောလိပ် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP)အမှတ်စဉ်(၂) သင်တန်းသား/သင် တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်-၂၃,၀၀,၀၀၀(နှစ်ဆယ်သုံးသိန်းကျပ်)နှင့် မုံရွာ ပညာရေးဒီဂရီကောလိပ်ရှိ သင်တန်း သား/သင်တန်းသူ ၂၁၂ ဦးအတွက် စားစရိတ် ငွေကျပ် ၉၈,၅၈,၀၀၀ (ကိုးဆယ်ရှစ်သိန်းငါးသောင်းရှစ်ထောင်ကျပ်)တို့အား သင်တန်းသား/သင်တန်းသူများထံ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာရေးဒီဂရီကောလိပ်အဆင့် လူရည်ချွန် မောင်ဇင်မျိုးအောင်ထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃ သိန်းအား လည်း ကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက မုံရွာပညာ ရေးဒီဂရီကောလိပ် ကျောင်း အုပ်ဆရာမကြီးထံ ငွေကျပ် ၁၀ သိန်းအား လည်း ကောင်း၊ ပေးအပ်ချီးမြှင့်ကြပြီး မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် (Dip.EP)အမှတ်စဉ်(၂)သင်တန်းသူများက တေးသီချင်းများ၊ Fitness Dance တို့ဖြင့် ကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ကပြဖျော်ဖြေပေးသွားကြသည့် သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နေမှုများအား လိုက်လံကြည့်ရှုဖူးမျှော်ခဲ့ကြပြီး အဆိုပါ စေတီတော်ကြီးအတွင်းရှိ အာရုဏ်ခံ အသစ်တည်ဆောက်ပြီးစီးမှုနှင့် သမိုင်းဝင် ရန်အောင်မြင်စေတီတော် လုံးတော် ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုနှင့် ပြန်လည်မွန်းမံပြီးစီးမှုများအား လိုက်လံကြည့် ရှုဖူးမျှော်ခဲ့ကြသည်။



