မုံရွာ၊ ဧပြီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် အကြိုနေ့ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့၊ နံနက်ပိုင်းက  မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီး လမ်းလျှောက်သင်္ကြန်တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက နှစ်သစ်ကူးနှုတ်ခွန်း ဆက်စကား ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးတို့က ၂၀၂၆ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများက ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာမဏ္ဍပ်များမှ ယိမ်းလှပျိုဖြူများအား သပြေခတ်ဖြင့် အမွှေးနံ့သာရေများ ပတ်ဖျန်းပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက နိုင်ငံကျော်အဆိုတော်များနှင့် ဌာနဆိုင်ရာမဏ္ဍပ်များမှ ယိမ်းလှပျိုဖြူလေးများ၏ သီဆိုကပြ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။

ထို့နောက်  တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများက  လမ်း လျှောက်သင်္ကြန်အတွင်းရှိ ဌာနဆိုင်ရာမဏ္ဍပ်များဖြစ်သည့် ချင်းတွင်းပိတောက်မဏ္ဍပ်၊ လျှပ်စစ်/စွမ်းအင်/ လမ်းပန်းဆက်သွယ်ရေးမဏ္ဍပ်၊ ရွှေသလ္လာနှစ်သစ်မဏ္ဍပ်၊ ရွှေပိတောက်ပျိုမေ မဏ္ဍပ်များသို့ သွားရောက် ၍ ယိမ်းလှပျိုဖြူလေးများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်‌ဖြေမှုများ အားသွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရှေ့ဘက်ကန် သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ လာရောက်ပါဝင် ဆင်နွှဲကြသည့် မြို့နေပြည်သူများအား ထမင်းနှင့်ဟင်းများ စတုဒီသာကျွေးမွေးနေမှုများအား လိုက်လံကြည့်ခဲ့ကြပြီး မြို့နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ ကြောင်း သိရသည်။